ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


အပိုင်း ၁။ ရွေးကောက်ပွဲ သမာသမတ်ကျမှု

ပြည်သူလူထု၏ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ပွင့်လင်းသတင်းအချက်အလက်

ရွေးကောက်ပွဲဖြစ်စဉ်တစ်ဆင့်ချင်းစီ၌ ပြည်သူလူထု၏ ယုံကြည်မှုသည် ရွေးကောက်ပွဲသမာသမတ်ကျမှုအတွက် အလွန်အရေးကြီးပေသည်။ နိုင်ငံသားများတွင် ရွေးကောက်ပွဲတွင်မဲပေးခွင့်သာမက ရွေးကောက်ပွဲဖြစ်စဉ်သည် ဖြောင့်မတ် မှန်ကန်မှုရှိ မရှိ သိပိုင်ခွင့်လည်းရှိပေသည်။ ရွေးကောက်ပွဲဖြစ်စဉ်တစ်ဆင့်ချင်းစီနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက် များရရှိမှုသည် ရွေးကောက်ပွဲများတွင် ပြည်သူများ ယုံကြည်မှုရှိလာရန်၊ ယုံကြည်မှုတိုးလာစေရန် အခြေခံကျကျ အရေးကြီးသည်။ ထိုသတင်းအချက်အလက်များသည်ပင်လျှင် ရွေးကောက်ပွဲနှင့် အဆိုပါရွေးကောက်ပွဲမှတက်လာသည့် အစိုးရအပေါ် ပြည်သူလူထု ယုံကြည်မှုရှိ မရှိ အခြေခံမူရင်း ဖြစ်သည်။

NDI ဓါတ်ပုံ, Tunisia election 2014

ပြည်သူ့ အင်စတီကျုးရှင်းများနှင့် ပတ်သက်လာလျှင် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုတို့သည် အတွင်းကျကျ ဆက်နွှယ်နေကြသည်။ ပြည်သူ့ အင်စတီကျူးရှင်းများသည် သတင်းအချက်အလက်များစွာ ကောက်ယူစုဆောင်းသည့် အားလျော်စွာ ၄င်းသတင်းအချက်အလက်များသည်ပင် မူဝါဒအဆင့်၊ စီမံကိန်းအဆင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ဆုံးဖြတ်ချက်ချသူများ အပေါ် ယုံကြည်မှုရှိလာစေရန် ဆုံးဖြတ်ချက်ကို အခြေခံသည့် သက်သေအချက်အလက်များ ပွင့်လင်းမှုရှိရန်လိုအပ်သည်။ ထို့ပြင် အစိုးရ ကောက်ယူသည့် သတင်းအချက်အလက်များသည် ဥပဒေအရ ပြည်သူပိုင် အများပိုင် သတင်းအချက်အလက်များသာ ဖြစ်သင့်ပေသည်။ ပြည်သူပိုင် သတင်းအချက်အလက် ဆိုသည်မှာ ပြည်သူများ ရယူနိုင်၊ အချင်းချင်း ဝေမျှနိုင်သည့် သတင်းအချက်အလက်များ ဖြစ်ရပေမည်။ တကယ်တမ်းဆိုလျှင် ရွေးကောက်ပွဲနှင့် အစိုးရသည် ပြည်သူပိုင် ဖြစ်သကဲ့သို့ပင် သတင်းအချက်အလက်သည်လည်း ပြည်သူပိုင်ပင် ဖြစ်သင့်ပေသည်။ ရွေးကောက်ပွဲစီမံကျင်းပရေးအဖွဲ့အစည်းများကဲ့သို့ ပြည်သူ့ အင်စတီကျူးရှင်းများက သတင်းအချက်အလက် ထုတ်ပြန်ကြခြင်းသည် ၄င်းတို့အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိကြောင်း ပြသခြင်းပင် ဖြစ်သည်။ ဤအချက်သည်ပင်လျှင် ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ပြည်သူတို့ ယုံကြည်မှုတိုးပွားစေသည်။ တခါတရံတွင် အစိုးရ သတင်းအချက်အလက်များအား ပွင့်လင်းမြင်သာအောင်ပြုလုပ်သည့် ကိစ္စရပ်များတွင် ဥပဒေပြုအဖွဲ့များပင်ပါဝင်နိုင်သည်။ ဥပမာပြရလျှင် ၂၀၀၈ ခုနစ်တွင် ဂျော်ဂျီရာနိုင်ငံတွင် လွှတ်တော်သည် ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်ပင်လျက် ယင်းဗဟိုရွေးကောက်ပွဲကော်မရှင်၏ ဝပ်ဘ်ဆိုဒ်တွင် မဲရုံအားလုံးမှ ပဏာမ မဲရလာဒ်ကို ထုတ်ပြန်ရန်လိုအပ်သည့် ဥပဒေတစ်ခု ပြဌာန်းခဲ့သည်။[1] လူဦးရေစစ်တမ်းနှင့် အခြား ရွေးကောက်ပွဲဖြစ်စဉ် ယုံကြည်မှုရှိမရှိ စိစစ်နိုင်ရန်အတွက် အရေးကြီးသည့် သတင်းအချက်အလက်များ ချုပ်ကိုင်ထားသည့် အဖွဲ့အစည်းများကဲ့သို့သော အင်စတီကျူးရှင်းများမှ ပွင့်လင်းသတင်းအချက်အလက်လမ်းစဉ်အား ကျင့်သုံးမှုရှိခြင်း၊ မရှိခြင်းသည်လည်း ရွေးကောက်ပွဲအပေါ်တွင် ပြည်သူများ ယုံကြည်မှုရှိ မရှိအပေါ် သက်ရောက်မှုရှိလေသည်။

နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်စေရန်၊ ရွေးကောက်ပွဲဖြစ်စဉ်အား နားလည်သဘောပေါက်စေရန်၊ တန်ဖိုးဖြတ်နိုင်ရန်နှင့် နောက်ဆုံးတွင် ရွေးကောက်ပွဲရလာဒ်များသည် သူတို့၏ ဆန္ဒကိုထင်ဟပ်ပြသည်ဟု လက်ခံလာစေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား လက်လှမ်းမီရမည်ဖြစ်သည်။ ပွင်းလင်းသတင်းအချက်အလက်များ ကဏ္ဍတွင် ဖော်ပြခဲ့သည့်အတိုင်း ရွေးကောက်ပွဲသတင်းအချက်အလက်များသည် အချိန်နှင့်တပြေးညီဖြစ်ခြင်း၊ အသေးစိတ်လုပ်ထားခြင်း၊ အင်တာနက်တွင် အခမဲ့ရယူနိုင်ခြင်း၊ ပြီးပြည့်စုံပြီး တစ်စုတစ်စည်းတည်းဖြစ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုပြုနိုင်ခြင်း၊ မူပိုင်ခွင့်ကင်းလွတ်ခြင်း၊ ခွဲခြားမှုကင်းခြင်း နှင့် လူတိုင်း ရယူနိုင်ခြင်း၊ လိုင်စင်မဲ့ဖြစ်ခြင်း နှင့် အမြဲတမ်းရရှိနိုင်ခြင်း စသည့်အချက်များနှင့် ကိုက်ညီလျှင် ပွင့်လင်းမြင်သာရှိသည်ဟု ဆိုနိုင်သည်။ ဤအချက်များနှင့်ကိုက်ညီသည့် အခြေအနေတစ်ရပ်တွင် နိုင်ငံသားများသည် ရွေးကောက်ပွဲသတင်းအချက်အလက်များကို အသုံးပြုလျက် မဲပေးသူအဖြစ်သော်လည်းကောင်း ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်နိုင်ပေမည်။ ကိုယ်စားလှယ်ရွေးချယ်ရာတွင်လည်း အချက်ကျကျရွေးချယ်နိုင်မည့်အပြင် မဲအနိုင်ရသူများအား မည်ကဲ့သို့ရွေးချယ်သည်၊ မည်ကဲ့သို့လက်ခံရမည်ကို နားလည်သိရှိလာမည်။ နောက်လာမည့်ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ နှင့်စပ်လျဉ်း၍ အကြံပြုပြောဆိုနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်တွင် ပါဝင်ပတ်သက်သူများအားလည်း တာဝန်ယူ တာဝန်ခံခိုင်း နိုင်ပေမည်။ ဤနည်းလမ်းများဖြင့် ပွင့်လင်းရွေးကောက်ပွဲသတင်းအချက်အလက်များသည် ရွေးကောက်ပွဲများ၏ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူတာဝန်ခံမှုရှိခြင်း၊ ယှဉ်ပြိုင်မှုရှိခြင်း တို့ကို တိုးမြင့်စေသည်။

သတင်းအချက်အလက်နှင့်နည်းပညာများ အရှိန်အဟုန်နှင့် တိုးတက်လာသည်နှင့်အမျှ ရွေးကောက်ပွဲ သတင်းအချက်အလက်များအား ပြည်သူလူထုအားထုတ်ပြန်နိုင်မည့် စွမ်းရည်လည်းသိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်လိုအပ်သည့် ဝန်ထုပ်ဝန်ပိုးသည်လည်း သိသိသာသာ လျော့ပေါ့သွားမည်ပင်။ ဤအခြေအနေသည် ပြည်သူ့ရေးရာ မူဝါဒများ ရေးဆွဲရာတွင် ပွင့်လင်းသတင်းအချက်အလက် အလေ့အကျင့်များသို့ ဦးတည် ပြောင်းလဲသွားမည် ဖြစ်သည်။ ကမ္ဘာနိုင်ငံများကလည်း ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်အမျိုးမျိုးအား တစ်စထက်တစ်စ ပို၍ ထုတ်ပြန်လာကြသည်။ ထုတ်ပြန်မှုအများဆုံးထဲတွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲဆန္ဒရှင် မှတ်ပုံတင်ခြင်း၊ မဲရုံစာရင်းများ နှင့် မဲရုံများမှ မဲရလာဒ်များ နှင့် ဆက်စပ်သည့် သတင်းအချက်အလက်များ ပါဝင်သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံအများစုသည် မြောက်များစွာသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို လူအများအတွက် များသောအားဖြင့် ပွင့်လင်း ပုံစံဖြင့်ထုတ်ပြန်ကြသည်။ (အခန်း(၄) ပွင့်လင်းရွေးကောက်ပွဲသတင်းအချက်အလက် လက်တွေ့ကျင့်သုံးခြင်း၊ တောင်အမေရိကတိုက်မှ နမူနာများ တွင် ရှုရန်)။ ကမ္ဘာတစ်ဝှမ်းရှိ ရွေးကောက်ပွဲစီမံကျင်းပရေးအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲများ အားလုံးပါဝင်လာနိုင်ရေး၊ ပိုမို၍ ပွင့်လင်းမြင်သာရှိလာစေရေး၊ တာဝန်ယူတာဝန်ခံယူမှုရှိလာစေရေး၊ ယှဉ်ပြိုင်မှုတိုးမြင့်လာစေရေးတို့အတွက် ပွင့်လင်းရွေးကောက်ပွဲ သတင်းအချက်အလက်များကို ပံ့ပိုးပေးခြင်းဖြင့် လှုပ်ရှားဆောင်ရွက်သင့်ပေသည်။

  1. ဂျော်ဂျီယာနိုင်ငံ ရွေးကောက်ပွဲကျင့်ဝတ် ပုဒ်မ ၇၆၊ အပိုဒ် ၈

Facebook
Twitter
Instagram
Youtube
Tumblr