ရွေးကောက်ပွဲ ကမ်ပိန်းများ (မဲဆွယ်စည်းရုံးခြင်း)

Election Campaigns

ရွေးကောက်ပွဲ ကမ်ပိန်းဟူသည် အဘယ်နည်း။

ရွေးကောက်ပွဲ ကမ်ပိန်းများသည် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ အကြိုကာလတွင် သူတို့၏ စိတ်ကူးအယူအဆများ၊ ပြဿနာများအပေါ် ရပ်တည်ချက်များအား မဲဆန္ဒရှင်များထံသို့ ချပြနိုင်သည့် အဓိက နည်းလမ်းပင်ဖြစ်သည်။ ပြိုင်ပွဲဝင်ကိုယ်စားလှယ်များသည် မဲပေးသူရှေ့မှောက် ရောက်ရန်၊ သူတို့၏ ပြောလိုသည်များကို လူထုထံမှောက် ချပြရန် မိရိုးဖလာနှင့် ခေတ်ပေါ် သတင်းမီဒီယာများ၊ လူထုစုဝေးပွဲများ၊ စာဖြင့်ရေးသားခြင်းများနှင့် အခြားနည်းလမ်းများစသည်ဖြင့် နည်းအမျိုးမျိုး သုံးကြသည်။ တချို့နိုင်ငံများတွင် ဤကဲ့သို့ ပြုလုပ်နိုင်ရန် ပြိုင်ပွဲဝင် ကိုယ်စားလှယ်များအား အများပိုင်သတင်းမီဒီယာ များတွင် ထုတ်လွှင့်ချိန်ပေးသည် (သွယ်ဝိုက်သောနည်းဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဘဏ္ဍာရေး အထောက်အပံ့ ဟုယူဆသည်)။ များသောအားဖြင့် ရွေးကောက်ပွဲမကျင်းပမီ တစ်လမှသည် သုံးလေးလ အထိ မဲဆွယ်စည်းရုံးရေးကာလာအား ဥပဒေအရ သတ်မှတ်ပေးထားသည်။ နိုင်ငံတော်တော်များများတွင် မဲဆွယ်စည်းရုံးခြင်းအား ရွေးကောက်ပွဲနေ့ မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အလိုတွင် ပြီးဆုံးစေပြီး ထိုကာလကို “အမှောင်ချကာလ”ဟု သတ်မှတ်ပေးထားသည်။ မဲဆွယ်စည်းရုံးရန်နှင့် အခြားလုပ်ငန်းများလုပ်ဆောင်ရန် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများသည် လိုအပ်သည့် အဆောက်အဦးများ တည်ဆောက်ကြလိမ့်မည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း၏ အရေးပါပုံ

ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲတစ်ခုတွင် လွတ်လပ်ပြီး အချက်ကျကျ ဆုံးဖြတ်သည့် မဲပေးခြင်း၊ ရွေးကောက်ပွဲ ယှဉ်ပြိုင်သူများ ထောက်ခံမှုရရေး၊ ထောက်ခံသူများအား အနိုင်ရရေး ကူညီအားပေးရန် မျှတသည့် အခွင့်အလမ်းများ လိုအပ်သည်။ ဤရည်ရွယ်ချက်များ အောင်မြင်ရေးတွင် မဲဆွယ်စည်းရုံးရေးသည် အလွန်အရေးပါပေသည်။ စစ်မှန်သော ယှဉ်ပြိုင်မှုရှိသည့် ရွေးကောက်ပွဲများသည် ရွေးကောက်ပွဲ ယှဉ်ပြိုင်သူများ ပြည်သူလူထု ရှေ့မှောက်သို့ရောက်ပြီး မဲဆွယ်နိုင်ရန် မျှတသည့် အခွင့်အရေးများ ပေးသည်။ မဲဆွယ်စည်းရုံးခြင်းကြောင့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများသည် သူတို့ပြောလိုသည်များအား ပြည်သူလူထုထံ ချပြနိုင်ပြီး မဲဆန္ဒရှင်များသည်လည်း ရွေးကောက်ပွဲနေ့တွင် ဗဟုသုတ အခြေခံ၍ အချက်ကျကျ မဲထည့်နိုင်ကြပေမည်။ တရားမျှတစွာ ယှဉ်ပြိုင်နိုင်သည့်၊ ပြည်သူ့ဆန္ဒ ထင်ဟပ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာရန် နိုင်ငံတော်အထောက်အပံ့များအား ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များထံ မျှမျှတတ ခွဲဝေ ပေးရမည်။ ယင်းသို့ နိုင်ငံတော်အထောက်အပံ့များအား ခွဲဝေရန် ဆုံးဖြတ်ချက်ချသည့်အခါ ပွင့်လင်းမြင်သာ ရမည်။ သို့မှသာ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့သည် ဆုံးဖြတ်ချက်ရလဒ်များအား နားလည်သဘောပေါက်ပြီး ယုံကြည်မှုရှိကြပေမည်။ မဲဆွယ်စည်းရုံးရန် တရားဝင် သတ်မှတ်ထားသည့် အချိန်၊ ရနိုင်သည့် နိုင်ငံတော် အထောက်အပံ့ စသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၏ အကူအညီဖြင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံကိုယ်စားလှယ်များသည် စည်းရုံးရေးလုပ်ငန်းစဉ်များကို သင့်တော်သလို စီစဉ်နိုင်ပြီး၊ နိုင်ငံတော်ထံမှ အထောက်အပံ့တစ်စုံတစ်ရာ ရနိုင်မရနိုင် သိနိုင်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သတင်းအချက်အလက်များ လက်ဝယ်ရှိခြင်းဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများသည် လူထုစည်းရုံးရေးလုပ်ရန်နေရာ၊ မီဒီယာတွင် ထုတ်လွှင့်ချိန် စသည်ဖြင့် နိုင်ငံတော် အထောက်အပံ့များအား ကိုယ်စားလှယ်များ မျှမျှတတ ရရှိမရရှိ ဆန်းစစ်နိုင်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များအား နိုင်ငံပိုင် သတင်းမီဒီယာများတွင် ထုတ်လွှင့်ချိန် ခွဲဝေပေးသည့်အခါ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ ပြည်သူများအနေဖြင့် ယင်းခွဲဝေးပေးသည့် ဖြစ်စဉ်အဆင့်အဆင့်သည့် ယုံကြည်နိုင်ဖွယ် ရှိမရှိ၊ နောက်ဆုံးခွဲဝေမှု ရလဒ်များ တရားမျှတမှုရှိမရှိတို့ကို သုံးသပ်ကြည့်နိုင်သည်။ နိုင်ငံတော်အထောက်အပံ့ပေးခြင်းများ မရှိသည့်အခါလည်း ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသည် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက်လိုက်မှုများ၊ မမျှတမှုများ ရှိမရှိ ဆန်းစစ်နိုင်သည်။ နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးရန် ခွင့်ပြုခဲ့သလား၊ လူထုစည်းဝေးပွဲများစသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအား ဘက်လိုက်မှုကင်းစွာ ခွင့်ပြုခဲ့သလား စသည်တိုဖြစ်သည်။ ဤကဲ့သို့သော ကဏ္ဍများတွင် ပွင့်လင်းမြင်သာရှိခြင်းသည် ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်များ၊ ပြည်သူများ၏ ယုံကြည်မှု တိုးလာမည့်အပြင် နိုင်ငံတော်အာဏာအလွဲသုံးစားမှုများရှိခဲ့လျှင်လည်း ဖော်ထုတ်ပေးနိုင်ပေမည်။

မဲဆွယ်စည်းရုံးရေးဆိုင်ရာ အချက်အလက် နမူနာ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး သတင်းအချက်အလက်များတွင် မဲဆွယ်စည်းရုံးရန် ခွင့်ပြုထားသည့် အချိန်ကာလ၊ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ကန့်သတ်ချက်များ ပါဝင်သည်။ နေရာငှားရမ်းခြင်း စသည်တို့နှင့် ဆက်စပ်သည့် တရားဝင်ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် အချက်အလက်များလည်း အကျုံးဝင်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရန် မီဒီယာထုတ်လွှင့်ခွင့်၊ ပြည်သူပိုင် နေရာများ အသုံးပြုခွင့်စသည့် နိုင်ငံတော်မှ ရသည့် အထောက်အပံများ အကြောင်း အချက်အလက်များလည်းပါဝင်သည်။ သတင်းမီဒီယာ ထုတ်လွှင့်ခွင့် ခွဲဝေဆုံးဖြတ်ပေးသည့် ဖြစ်စဉ်အဆင့်ဆင့်အကြောင်း (မဲနှိုက်ခြင်း စသည်ဖြင့် ခွဲဝေသည့် စနစ်) နှင့် ရလဒ် (မည်သူမည်သည့်အချိန်တွင် ထုတ်လွှင့်ခွင့်ရသည်) စသည့် အချက်အလက်များလည်း ပါဝင်သည်။ လူထုအစည်းအဝေးများအတွက် လျှောက်ထားသူ၊ အချိန်၊ အကြောင်းရင်း၊ လျှောက်ထားမှု အောင်မြင်ခြင်း ရှိမရှိနှင့် အောင်မြင်ခြင်း မအောင်မြင်ခြင်းတို့၏ အကြောင်းရင်း စသည်တို့လည်း မဲဆွယ်စည်းရုံးရေး နှင့်ဆက်စပ်သည့် အချက်အလက်များ ဖြစ်ကြသည်။