အပိုင်း ၂၊ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက် မူများ

နိဒါန်း

အဖွဲ့အစည်းအများအပြားသည် ၄င်းတို့၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုပေးရန် သတင်းအချက်အလက်များ ကောက်ယူကြသည်။ ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများကဲ့သို့ ပြည်သူ့ အဖွဲ့အစည်းများသည် ပမာဏများပြားသည့် သတင်းအချက်အလက်များကို ထုတ်လုပ် စုဆောင်းကြသည်။ နိုင်ငံအများအပြားတွင် ဤကဲ့သို့ အဖွဲ့အစည်းများ ကောက်ယူသည့် သတင်းအချက်အလက်များသည် ဥပဒေအရ အများပိုင် ပြည်သူပိုင်ဖြစ်သည်။ ထို့ပြင် ၄င်းသတင်းအချက်အလက်များသည်ပင် ဆုံးဖြတ်ချက်ချက်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ အတွက် အခြေခံဖြစ်သည်။ ၄င်းသတင်းအချက်အလက်များအား ပြည်သူများနှင့် ဝေမျှခြင်းအားဖြင့် ပြည်သူ့အဖွဲ့အစည်းတစ်ခု အနေဖြင့် ဆုံးဖြတ်ချက်ချခြင်း၊ ဆုံးဖြတ်ချက်အကောင်အထည်ဖော်ခြင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိလိုသည့် ရည်ရွယ်ချက်အား ပြသရာလည်းရောက်သည်။ ထိုအချက်အလက်များ၏ အကူအညီဖြင့်ပင် နိုင်ငံသားများ၊ အဖွဲ့အစည်းများသည် အစိုးရအဖွဲ့အစည်းများအား တာဝန်ယူတာဝန်ခံ ခိုင်းနိုင်သည်။ သတင်းအချက်အလက်များအား “ပွင့်လင်းမြင်သာ” ဖြစ်စေခြင်းဆိုသည်မှာ ၄င်းသတင်းအချက်အလက်များအား လွပ်လပ်စွာ၊ လွယ်ကူစွာ အသုံးပြု၊ ပြန်လည်အသုံးပြုနိုင်ရန်၊ ပြည်သူများ ဖြန့်ဖြူးဝေမျှနိုင်သည့် ပုံစံဖြင့် ထုတ်ပြန်ဝေမျှခြင်းကို ဆိုလိုသည်။

ဤအပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ရွေးကောက်ပွဲ သတင်းအချက်အလက် ‘ပွင့်လင်းမြင်သာဖြစ်ခြင်း’ ဆိုသည်မှာ

ပွင့်လင်းသတင်းအချက်အလက် အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းသတင်းအချက်လက်များအား ကြီးမားသည့် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုလာကြသည်မှာ အချိန် မကြာသေးပေ။ နယ်ပယ်တစ်ခုအနေဖြင့် နုနယ်သေးသော်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ပွင့်လင်းသတင်းအချက်အလက်ကို လူမှုရေး၊ စီးပွားရေးတန်ဖိုးများ ဖန်တီးရန်အတွက် အသုံးချသည့် သာဓကများစွာ ရှိနင့်နေပြီဖြစ်သည်။ ရွေးကောက်ပွဲသတင်းအချက်အလက်များအား “ဖွင့်”ပေးလိုက်သည့်အခါ

  • ရွေးကောက်ပွဲတစ်ခုချင်းဖြစ်စဉ်များ၏ ပွင့်လင်းမြင်သာမှု တိုးမြင့်လာစေသည်။ ဥပမာအားဖြင့် ၄င်းသတင်းအချက်အလက်များကို နိုင်ငံသား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာမှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ
  • ရွေးကောက်ပွဲစီမံကျင်းပရေးအဖွဲ့အစည်းများ၏ ထိရောက်မှုကို မြှင့်တင်ပေးနိုင်သည်။ ဥပမာအားဖြင့် ပွင့်လင်းသတင်းအချက်အလက်များ၏ အကူအညီဖြင့် မဲဆန္ဒရှင်များမှ မိမိတို့၏ နေရပ်လိပ်စာဖြင့် မဲပေးရန်မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးနိုင်သည့်အခါ။ သို့မဟုတ် မဲရလာဒ်ပုံစံများ၏ ဓာတ်ပုံများထုတ်ပြန်ပြီး မဲရလာဒ်ဖော်ပြချက်များကို မဲဆန္ဒရှင်များ စစ်ဆေးနိုင်သည့်အခါ
  • ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်တိုးလာစေနိုင်သည်။ ဥပမာ အရပ်ဘက်အဖွဲ့အစည်းများက မဲပေးရန်မှတ်ပုံတင်နှုန်းကို အသုံးပြုလျက် အစဉ်အလာအားဖြင့် ဘေးဖယ်ခံရသည့် အုပ်စုများအား မဲပေးနိုင်ရန် မှတ်ပုံတင်ပေးသည့်အခါ၊ နိုင်ငံရေးပါတီများက ၄င်းအချက်အလက်များကို အသုံးပြုလျက် မဲဆန္ဒရှင်ထံသို့ ရောက်ရှိရန်ကြိုးပမ်းသည့်အခါ
  • ပြည်သူများ၏ ပါဝင်ဆင်နွဲမှုကို တိုးမြှင့်စေသည်။ ဥပမာအားဖြင့် မဲရုံတစ်ရုံချင်းစီ၏ မဲရလာဒ်များကို ထုတ်ပြန်သည့်အခါ ပြည်သူများသည် မဲရုံအသီးသီးမှ မဲရလာဒ်များကို နှိုင်းယှဉ် စိစစ်နိုင်သည့်အခါ
  • အစဉ်အလာအားဖြင့် ဘေးထုတ်ခံရသည့် အုပ်စုများ၏ ပါဝင်နိုင်မှုကို တိုးမြှင့်စေသည်။ ဥပမာ ရွေးကောက်ပွဲ သတင်းအချက်အလက်များကို အသုံးပြုလျက် အရပ်ဘက်အဖွဲ့အစည်းများသည် ထိုဘေးထုတ်ခံအုပ်စုများအတွက် မဲရုံများ အလွယ်တကူ လက်လှမ်းမီသည့်နေရာတွင်ထားရှိရေး၊ မဲပေးခြင်းနှင့်ဆက်စပ်သည့် သတင်းအချက်အလက် များအား ​သူတို့နားလည်သည့် ဒေသဘာသာစကားဖြင့် ရေးသားရေးတို့အတွက် စည်းရုံးလှုပ်ရှားသည့်အခါ
  • တင်းမာမှုများ လျော့ချနိုင်မည်။ ဥပမာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများသည် မဲရလာဒ်နှင့် ဆက်စပ်သည့် အချက်အလက်များကို ရွေးကောက်ပွဲနေ့ ဖြစ်စဉ်သုံးသပ်ချက်များနှင့် ပေါင်းစပ်လျက် မဲရလာဒ် ပဏာမခန့်မှန်းချက်များကို ထုတ်ပြန်သည့်အခါ
  • အတွေးအမြင်သစ်များထွက်ပေါ်လာစေသည်။ ဥပမာ အရပ်ဘက်အဖွဲ့အစည်းများသည် မဲရလာဒ် သတင်းအချက်အလက်များနှင့် နိုင်ငံရေးအရင်းခံသည့် သွေးထွက်သံယိုမှု ဖြစ်ပွားသည့်နေရာများ ဆက်စပ်သည့် အချက်အလက်များကို ပေါင်းစပ်စဉ်းစားသည့်အခါ

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပိုမို ပွင့်လင်းမြင်သာအောင် ပြုလုပ်ခြင်းဖြင့် ရရှိလာနိုင်သည့် မဖော်ထုတ်ရသေးသော အကျိုးကျေးဇူးများစွာရှိနိုင်သေးသည်။ အောက်ပါ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် မူဝါဒများမှ အဆိုပါ အကျိုးကျေးဇူးများကို ဖော်ထုတ်ပေးနိုင်သည်။